အစည်းအတွင်း ၌ ဒေါက်တာခင်အေးဟု အသိအမှတ်ပြုကြပြီး စာပေလောက၌ မောင်ခင်မင်(ဓနုဖြူ)ဟု တန်ဖိုးထားလေးစားချစ်ခင်ရသူ ဆရာ ဦးခင်အေးနှင့်ပတ်သက်၍ မမေ့နိုင်သော စကားတစ်ခွန်း ကျွန် တော့်တွင်ရှိခဲ့ဖူးပါသည်။ စကားက ဆိုဆုံးမသည့်စကား။ တင်စားမှုက နည်းနည်းကလေး ပြင်းထန်သယောင်ရှိသည့် တင်စားမှု။
ကံ့ကော်တောဟု အမြတ်တနိုးတင်စားခေါ်ဝေါ်ကြရာ ရန်ကုန် တက္ကသိုလ် နယ်မြေအတွင်းရှိ တောင်ငူဆောင်၌ဖြစ်ပါသည်။ အချိန်က ၁၉၈၀ အလွန်နှစ်ကာလ များ။
အင်္ဂလိပ်စာဌာနနှင့် မြန်မာစာဌာန နှစ်ဌာနတည်ရှိရာတောင် ငူဆောင်၏ အပေါ်ဆုံးထပ်လူသွားစင်္ကြံတစ်နေရာတွင် ဆရာ နှင့် ကျွန်တော်ဆုံကြပါသည်။ ဆရာက သူ့ထုံးစံအတိုင်း နာမည် အရင်းကိုပဲ မောင်တပ်၍ခေါ်ကာ ‘‘မုန့်ဟင်းခါးသည် ပလွေမှုတ်သလို မလုပ်နဲ့ကွာ’’ဟု ဆုံးမပါသည်။ ဆရာက ထုံးစံအတိုင်း ပုံဝတ္ထု ကလေးကိုတော့ သိမှာပေါ့ဟု စကားကို ဆက်ရာ ကျွန်တော်က မသိကြောင်း ၀န်ခံရပါသည်။
ဆရာကထုံးစံအတိုင်း ပြုံးပြုံး ကလေးနှင့်ပါပဲ။ သည်လိုကွ မောင်ညွန့်သောင်းရတဲ့။ တစ်ခါက မုန့်ဟင်းခါးသည် တစ်ယောက်ရှိသည်ဟုဆိုပါသည်။ ဆိုင်းထမ်းကလေးနှင့် လာရောင်းလေ့ရှိပြီး မုန့်ဟင်းခါးအချက်ကောင်းသဖြင့် လက်မလည်အောင်ရောင်းရလေ့ ရှိပြီး တစ်မနက်ခင်းကလေးမျှနှင့်ပင် ကုန်သွားမြဲဖြစ်သဖြင့် ခပ်စောစောကလေးအိမ်သို့ ပြန်ရလေ့ရှိသော ဆိုင်းထမ်းမုန့်ဟင်းခါးသည် ကလေးဟုဆိုပါသည်။ အသက် ခပ်ရွယ်ရွယ်လုလင်ငယ်ကလေး တစ်ယောက်တဲ့။
ထို မုန့်ဟင်းခါးသည်ကလေးက ထိုခေတ်လူငယ်တို့ ဘာသာဘာဝ ဂီတကို စိတ်ဝင်စားသူဖြစ်ရာ ပလွေကလေးတစ်ချောင်းကို အမြဲ ဆောင်လာလေ့ရှိသူလည်းဖြစ်ပါ သည်။
တစ်ရက်တွင် မုန့်ဟင်းခါးက ပုံမှန်စောစောကုန်သည်ထက်ကိုပဲ ပို၍စောစွာကုန်သွားခဲ့ပါလေသည်။ အချိန်တော်တော်များများ ပိုနေသူ မုန့်ဟင်းခါးသည်ကလေးက မုန့်ရောင်းကောင်းသဖြင့် ပျော် နေသည်ကလည်း တစ်ကြောင်း ဖြစ်ရာ ခါးတွင်ထိုးထားသည့်ပလွေ ကလေးကိုအသာဖြုတ်ယူပြီး ပလွေ မှုတ်ပါလေတော့သည်။ ပညာရှင်အဆင့် ပလွေဆရာမဟုတ်စေကာမူ သင့်တင့်လျောက်ပတ်စွာ မှုတ်တတ်သူဖြစ်သဖြင့် နားထောင်၍ သင့်မြတ်လှပေရာ တစ်ခဏနှင့်ပင် ဟိုနားသည်နားက လူတချို့ ၀ိုင်းအုံလာကြပါတော့သည်။ ထို့ နောက် ဟိုသီချင်းကလေးမှုတ်ပါ ဦး၊ သည်သီချင်းကလေးမှုတ်ပါဦး နှင့် တောင်းဆိုလာတော့ရာ ရသ မျှသီချင်းတို့ကို မှုတ်ပြပြီးနောက် မုန့်ဟင်းခါးသည် ၀င့်ကြွားစွာဖြင့် အိမ်ပြန်ပါလေတော့သည်။
အိမ်တွင် မုန့်ဟင်းခါးသည်မှာ မုန့်ဟင်းခါးအပေါ် အာရုံသိပ်မရှိပါလေတော့။ တော်စွလျော်စွကလေးသင့်တင့်ရုံ အားစိုက်ချက်ကာ ပလွေဖြင့် သီချင်းအသစ်များကို လေ့ကျင့်ပါလေတော့သည်။ တစ်ပုဒ်ပြီးတစ်ပုဒ်။ နောက်တစ်နေ့မနက်မှုတ်ပြဖို့။
သို့ဖြင့် လာလတ္တံသော ရက် များတွင်လည်း သီချင်းအသစ် ကလေးတွေ လေ့ကျင့်လိုက်၊ လာ ရောက်အားပေးသူများကို မှုတ်ပြ လိုက်၊ လက်ခုပ်သြဘာသံများ ကြားမှာ ပီတိဖြစ်လိုက်၊ မုန့်ဟင်း ခါးအိုးကြီးကို တော်စွလျော်စွ ပစ် ထားလိုက်။ နောက်တော့ သူ့မုန့် ဟင်းခါး နာမည်ပျက်သွားခဲ့ ပါ သည်။
ပလွေကမူ ဆရာတစ်ဆူပါရဂူဖြစ်လောက်သည်အထိကလည်း မထွန်းပေါက်၊သာမန်ထက်လည်းမကဖြင့် ခွကျကျလူတစ် ယောက်အဖြစ် ချာလပတ်လည် သွားခဲ့ပါလေတော့သည်။
ယင်းသည်ပင်လျှင် ဆရာ ဦးခင်အေးသာဓကဆောင်သည့် ပုံဝတ္ထု။
(နှစ်)
ကျွန်တော့်စိတ်ထဲ၌ ဆရာ ဦးခင်အေး စ,ပြောသည့်အချိန်က စ၍ ယခုအချိန်အထိ ထိုမုန့်ဟင်း ခါးသည် ပလွေမှုတ်သည့်ပုံဝတ္တုကိုမကြာခဏ သတိရနေမိကြောင်း ၀န်ခံလိုပါသည်။
မူလပထမအဓိက ကျွမ်းကျင် လိမ္မာရာ မုန့်ဟင်းခါးချက်ခြင်းအ လုပ်ကို လွှတ်ချထားခဲ့ပြီး အရော ရော အထွေးထွေးလက်ခုပ်တီးပေး ကြသည့် ပလွေမှုတ်ခြင်း၌သာယာ ကျေနပ်ကာ အဓိကနှင့် သာမည မခွဲခြားနိုင်သဖြင့် ကျရှုံးသွားသူ မုန့်ဟင်းခါးသည်ကို လူ့ဘ၀နှင့်ချိန် ထိုးကာ မည်သူတွေက မုန့်ဟင်း ခါးချက်လို့ မည်သူတွေက ပလွေ မှုတ်နေကြသလဲဆိုသည်ကို တွက် ဆကြည့်မိလာတတ်ပါသည်။
ကျွန်တော်တို့အားလုံး နေ့စဉ် နှင့်အမျှ ရုန်းကန်လှုပ်ရှားဆောင် ရွက်လုပ်ကိုင်နေကြသော အရာ တို့သည် မုန့်ဟင်းခါးချက်နေကြ တာလား၊ ပလွေမှုတ်နေကြတာ လား။ အမှတ်တမဲ့ လက်ခုပ်သံ များ၊ ခရီးသွားဟန်လွှဲသြဘာပေး သံများ၊ လောက၀တ်ချီးမြှင့် မြှောက် စားမှုများကြားမှာ ပလွေ မှုတ်မိသူတွေများဖြစ်နေလေရော့ သလား။
ဘီစီ ၅၅၁ ၌ မွေးကာ ဘီစီ ၄၇၉ တွင် အနိစ္စရောက်သည်ဟု ဆိုသော လု (Lu) ပြည်နယ်သား တရုတ်ပညာရှိ ကွန်ဖြူးရှပ် (Confucius) က ဘုရင်က ဘုရင် အလုပ်လုပ်၊ မှူးမတ်ကမှူးမတ်အ လုပ်လုပ်၊ မိဘက မိဘအလုပ် လုပ်၊ သားသမီးက သားသမီးအ လုပ်လုပ်ဟုဆိုခဲ့ခြင်းမှာ ကိုယ့်အ လုပ်ကိုယ်လုပ်ဖို့နှင့် ကိုယ်နှင့်မ ဆိုင်သောအလုပ်များကို မလုပ် ကြရန် သတိပေးထားခြင်းပင်ဖြစ် ပါသည်။
ဒေးဗစ်ဘင်ဂူရီယန် (David Ben Gurion) က အိုင်းစတိုင်း (Einstein) အား ဉာဏ်ကြီးရှင်ဖြစ် ၍ အစ္စရေးသမ္မတလုပ်ရန် အကြံ ပြုရာ ငြင်းဆန်ခဲ့သည်ကို အများသိဖြစ်ပါသည်။ ဤနေရာတွင် အိုင်းစတိုင်းက ‘‘သြော်...ကိုယ် လုပ်ရင်ဖြစ်တယ်ဟုတ်လား...ဟုတ်ပါ့မလား ကိုယ့်လူတို့ရဲ့...နင်တို့လုပ်ဆိုလို့သာ လုပ်ရတာ နော်’’စသည်ဖြင့် ပလွေဝင်မမှုတ်ခဲ့ပါ။ ရူပဗေဒနယ်ပယ်၌သာ သူ့ မုန့်ဟင်းခါးသူ ကောင်းအောင် ချက်ခဲ့ပါသည်။
ကိုလံဘီယာ စာရေးဆရာကြီး ဂါစီယာမားကွက်စ်(Garcia Marquez) ကတဲ့ကော။ စာပေနို ဗယ်ဆုရ ပုဂ္ဂိုလ်ကြီးဖြစ်သဖြင့် ကိုလံဘီယာ နိုင်ငံသားတို့က သမ္မတလုပ်ဖို့ရာ ကမ်းလှမ်းဖူးပါ သည်။ ပလွေမှုတ်ဖို့။ ဂါစီယာမား ကွက်စ်က ငြင်းပါ၏။သူ့စာကိုသာ သူ ကောင်းအောင်ဆက်ရေးခဲ့ပါ သည်။ မုန့်ဟင်းခါးကို ကောင်း သည်ထက်ကောင်းအောင် ချက်ခဲ့ ခြင်း။
ဦးနှောက်ယိုစီးမှုဟူသော Brain Drain အကြောင်းကို ပြော ကြရာ၌ မိမိနိုင်ငံအတွင်းရှိ လူ သားအရင်းအမြစ်များ တိုင်းတစ် ပါးသို့ စီးဝင်ရောက်ရှိသွားခြင်းကို မှ ဆိုလိုသည်မဟုတ်ဘဲ ကိုယ့် နိုင်ငံအတွင်း၌ အသုံးမချဘဲနေလျှင်လည်း Brain Drain ပင်ဖြစ် သည်ကို ကျွန်တော်တို့အားလုံး သိ ရှိထားကြပြီးဖြစ်ပါသည်။
တကယ်တော့ မုန့်ဟင်းခါး သည် ပလွေမှုတ်ခြင်းသည်လည်း Brain Drain ပင်ဖြစ်ပါသည်။ လူ သည် မိမိနှင့် လိုက်လျောအပ်စပ် ရာ ပထမလောက၌မနေဘဲ၊မလုပ် ဘဲ ဒုတိယလောက၌ ၀င်ရောက် ကျင်လည်ပျော်ပါးနေခဲ့သော် နှစ် လောကစလုံးပျက်ဖို့သာပဲ ဖြစ်ပါ သည်။
ဆရာဦးခင်အေးက ‘‘မောင်ညွန့်သောင်း မုန့်ဟင်းခါးသည် ပလွေမမှုတ်နဲ့ကွာ’’တဲ့။ ကျွန်တော် က မုန့်ဟင်းခါးချက်နေမိတာလား။ ပလွေမှုတ်နေမိတာလား။ စာဖတ်သူကတော့ကော။ စာဖတ်သူလက်လှမ်းတမီကလူတွေက တော့ ကော။ နဖူးပေါ်လက်တင်ကာ စဉ်းစားကြပေရော့။ ။

0 comments:
Post a Comment